နွေရာသီမှာ အားကစားလုပ်တော့မယ်ဆိုရင် ဒါတွေကို သိထားပေးပါ
ဘာလိုလိုနဲ့ ဆောင်းကုန်လို့ နွေရာသီထဲတောင် ဝင်လာပြန်ပြီနော်။ လေထုရဲ့ အငွေ့အသက်လေးတွေ ပြောင်းလဲလာတာနဲ့အမျှ ချမ်းခိုက်ခိုက်တုန်ရင်း အိမ်တွင်းအောင်းနေကြတဲ့ လူအများစု အပြင်ကို ပြန်ထွက်လာရင်း တက်ကြွလန်းဆန်းနေတဲ့ ပုံရိပ်လေးတွေ ပြန်တွေ့လာသလို အားကစား၊ လေ့ကျင့်ခန်းတွေလည်း ပိုလို့လုပ်လာကြပါပြီ။
အားကစားလုပ်တာနဲ့ ပတ်သက်ပြီး ရာသီဥတု ကန့်သတ်ထားတာမျိုးတော့ မရှိပေမဲ့ ရာသီဥတုပေါ် မူတည်ပြီး ဆောင်ရန်၊ ရှောင်ရန်တွေ သတိထားသင့်တာတွေတော့ ရှိပါတယ်။ ဥပမာအနေနဲ့ နွေရာသီလို ပူပြင်းတဲ့ရာသီမျိုးမှာ
- ချွေးထွက်လွန်ပြီး ရေဓာတ်ခန်းခြောက်တာတွေ အဖြစ်များတယ်
- အပူဒဏ်ကြောင့် အာရုံကြောထိခိုက်အားနည်းနေနိုင်တယ်
- အပူဒဏ်ကြောင့် နုန်းပြီး ပင်ပန်းတာ၊ သတိလစ်နိုင်တယ်
- ပန်းပွင့်ဝတ်မှုန်တွေ၊ လေထုထဲက ဖုန်မှုန့်တွေကြောင့် ပန်းနာရင်ကြပ်၊ ဓာတ်မတည့်တာတွေ အဖြစ်များတယ်
- ချွေးနဲ့ ခန္ဓာကိုယ်အပူတက်နေချိန် ရေချိုးလိုက်လို့ အပူရှပ်နိုင်တာ စတဲ့ ကျန်းမာရေးပြဿနာတွေနဲ့ ကြုံလာရနိုင်ပါတယ်။
ဒီအတွက် နွေရာသီမှာ အားကစား၊ လေ့ကျင့်ခန်းလုပ်မယ့်သူတိုင်း ခုပြောပြမယ့် Tips တွေကို သေချာဂရုစိုက်ပြီး လိုက်နာဖို့တော့ လိုပါမယ်။
၁။ ရေဓာတ်ကို အမြဲပြည့်ဝနေဖို့ ဂရုစိုက်ပါ။ အားကစားလုပ်သည်ဖြစ်စေ၊ မလုပ်သည်ဖြစ်စေ နွေရာသီကာလမှာ အပူချိန် ပြင်းထန်တဲ့အတွက် ခန္ဓာကိုယ်က ရေဓာတ်ဆုံးရှုံးမှုပိုဖြစ်နိုင်ပါတယ်။ ရေဓာတ်ဆုံးရှုံးတဲ့အခါ ခေါင်းမူးခေါင်းကိုက်ပြီး အားမရှိတာ၊ အာရုံကြောအားနည်းတာ၊ သွေးလည်ပတ်မှု နှေးကွေးတာတွေ ဖြစ်နိုင်တဲ့အတွက် အားကစားလုပ်သူတွေအတွက်လည်း အဆင်မပြေစေနိုင်ပါဘူး။ ဒါကြောင့် တစ်နေ့တာကို အနည်းဆုံး ရေ (၃) လီတာလောက် သောက်ပေးဖို့၊ နာရီဝက်ခြား တစ်ခါစီ ပုံမှန်ရေသောက်ဖို့တော့ အရေးကြီးပါတယ်။ ဒါ့အပြင် အစားထိုးအနေနဲ့ အစာစားတဲ့အခါ ဟင်းရည်၊ ဟင်းသီးဟင်းရွက် များများစားသုံးပေးဖို့၊ ပုံမှန်အချိန်တွေမှာလည်း ရေဓာတ်ပါဝင်မှုများတဲ့ အသီးအနှံတွေကို စားပေးရပါမယ်။
၂။ ပေါ့ပေါ့ပါးပါး အဝတ်အစားတွေကိုပဲ ဝတ်ဆင်ပါ။ လေ့ကျင့်ခန်းလုပ်တဲ့အခါ တင်းကြပ်တဲ့အဝတ်အစားတွေ ဝတ်ပြီး လေ့ကျင့်ခန်းလုပ်ရတာ ပိုအဆင်ပြေတယ်လို့ ခံစားရနိုင်ပေမယ့် အရေပြားနဲ့ အဝတ်အစားထိကပ်ပြီး ပွတ်တိုက်မှုများတာကြောင့် အရေပြားခြောက်သွေ့ပြီး ဘက်တီးရီးယားပိုးမွှားတွေ ပိုအောင်းနိုင်တယ်၊ အရေပြားမှိုစွဲပြဿနာတွေ ပိုဖြစ်နိုင်တဲ့အပြင် ချွေးထွက်များတဲ့အခါ အဝတ်အစားကနေ ချွေးနံ့ပြင်းပြင်းထွက်လာနိုင်ပါတယ်။ ဒီအတွက် စွပ်ကျယ်၊ အားကစားသုံး ချိုင်းပြတ်အကျီလက်တို၊ ဘောင်းဘီတို အပွတွေလောက်ကိုပဲ အဓိကထားပြီး ဝတ်ဆင်ပါ။
၃။ တစ်ကိုယ်ရေသန့်ရှင်းမှုကို သေချာဂရုစိုက်ပါ။ အပေါ်မှာပြောခဲ့သလိုပဲ ချွေးထွက်များမှာဖြစ်တဲ့အတွက် အဝတ်အစားမှာရော ကိုယ်ပေါ်မှာပါ ဘက်တီးရီးယားပိုးတွေ အောင်းနေတဲ့အခါ အရေပြားပြဿနာတွေကို ဖြစ်စေနိုင်ရုံသာမက ကိုယ်ခံအားစနစ်ကိုပါ ထိခိုက်ကျဆင်းစေနိုင်ပါတယ်။ ဒီအတွက် လေ့ကျင့်ခန်း၊ အားကစားလုပ်ပြီးတိုင်း ချွေးကိုသေချာခြောက်အောင် သုတ်ပြီး ရေအေးအေးနဲ့ ရေချိုးပေးပါ။ အကယ်လို့ အပြင်မှာရေချိုးရတာ ကိုယ့်အတွက် စိတ်ကသိကအောက်ဖြစ်တယ်ဆိုရင် အိမ်ကိုအမြန်ဆုံးပြန်ပြီး ကိုယ်တွင်းအပူချိန်အေးသွားအောင် ခဏစောင့်ပါ၊ ချွေးခြောက်အောင် သုတ်ပါ၊ ရေများများသောက်ပါ၊ ပြီးသွားမှ ရေပြန်ချိုးပေးပါ။
၄။ နွေရာသီကာလမှာ နေ့ခင်းဘက်တွေဟာ အပူပြင်းဆုံးအချိန်ဖြစ်တဲ့အတွက် မနက် (၁၀) နာရီကနေ နေ့လယ် (၃) နာရီကြားအချိန်တွေကို လေ့ကျင့်ခန်းလုပ်တာ တတ်နိုင်သလောက်ရှောင်ပါ။ မနက်အစောပိုင်း ဒါမှမဟုတ် ညနေခင်းလောက်မှာ ကိုယ်လက်လှုပ်ရှားမှု လုပ်ခြင်းက အပူဒဏ်ကြောင့် ချွေးထွက်လွန်တာ၊ ခေါင်းမူးပြီး နုန်းချိစေတဲ့ ပြဿနာကို လျော့ပါးစေနိုင်ပါတယ်။ အပြင်မှာမဟုတ်ဘဲ ကိုယ့်အိမ်မှာကိုယ် လေ့ကျင့်ခန်း၊ အားကစားလုပ်နိုင်ရင်လည်း ပိုကောင်းပါတယ်။
၅။ တချို့နေ့တွေမှာ ရာသီဥတုပူလွန်းလို့ဖြစ်စေ၊ နေထိုင်မကောင်းဖြစ်နေတယ်၊ အားမရှိဘူးလို့ ခံစားရရင် လေ့ကျင့်ခန်းအပြင်းအထန် မလုပ်ဘဲ အနားပေးပါ။ မဖြစ်မနေ လုပ်မယ်ဆိုရင် ပေါ့ပေါ့ပါးပါး ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းလောက်ကိုပဲ လုပ်ပေးပါ။ အနားယူခြင်းဟာ ကိုယ်ခန္ဓာကြွက်သားတွေကို တည်ဆောက်ပေးရာရောက်သလို နောက်ရက်တွေမှာ အားအင်ပြည့်ဝလန်းဆန်းနေစေဖို့လည်း ကူညီပေးနိုင်မှာပါ။
နွေရာသီကာလလည်း ရောက်ပြီဆိုတော့ အိမ်တွင်းအောင်းခဲ့တဲ့နေ့ရက်တွေကို နောက်မှာချန်ခဲ့ရင်း နည်းမှန်၊ လမ်းမှန်နဲ့ တက်တက်ကြွကြွ လေ့ကျင့်ခန်းလုပ်ရင်း၊ ကျန်းမာပျော်ရွှင်ဖွယ် လူနေမှုဘဝပုံစံကို ပိုင်ဆိုင်လိုက်ပါ။
ရဲမျိုးမြတ်